မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုတာ ရေပေါ်ဆီလူတန်းစားတစ်ရပ်အတွက်သာ လူ့အခွင့်အရေး ရှိနေသလို ဖြစ်နေတာကို မြင်ရပါမယ်။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ဝ၊ ပအိုးဝ်နဲ့ လားဟူစသည်ဖြင့် တိုင်းရင်းသားလူမျိုးစုံလင်လှစွာ နေထိုင်ပေမဲ့လည်း မြန်မာလူမျိုးများကသာ အခြားတိုင်းရင်းသားလူမျိုးတွေထက် ပိုပြီးထက်၊ ပိုပြီးသန်မာသလို ဖော်ပြကြပြီး ရှေ့ရောက်သလို ပြောနေတတ်ကြတာဟာလဲ ကျန်တဲ့ တိုင်းရင်းသား လူမျိုးများအတွက် အခွင့်အရေးကို နစ်နာစေပါတယ်။ နစ်နာစေအောင်လဲ တမင် သွေးခွဲ အုပ်ချူပ်နေတာဟာ စစ်အာဏာရှင် အဆက်ဆက်ပါဘဲ။
မြန်မာလူမျိုးတွေကို အခြားလူမျိုးတွေနဲ့ ရန်တိုက်ပေးတဲ့နည်းကတော့ လူမျိုးတစ်မျိုးဟာ အခြားလူမျိုး တစ်မျိုးထက်ပိုသာတယ်ဆိုတဲ့ နည်းနာဟာ စစ်အာဏာရှင်အဆက်ဆက်က ကျင့်သုံးနေခဲ့တဲ့ သွေးခွဲအုပ်ချူပ်ခြင်းနည်းနာပါဘဲ။ မြန်မာမဟုတ်တဲ့ တိုင်းရင်းသား အင်အားစုတွေဟာ မြန်မာနိုင်ငံ အတွင်းမှာ ဒုတိယလူတန်းစားလိုလို ဘာလိုလို ဖြစ်နေတာကိုလဲ တွေ့ရ လိမ့်မယ်။ ဒါကြောင့် တိုင်းရင်းသားအင်အားစုတွေဟာ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ အဖြစ် တည်ဆောက်မယ်လို့ အသေအချာယုံကြည်ခဲ့ပေမဲ့ လက်တွေ့ကျတော့ မြန်မာလူမျိုး စစ်အာဏာရှင် တွေရဲ့ လူမျိုးကြီးဝါဒနဲ့ ဖိနှိပ်မှုတွေကိုသာ လက်တွေ့ လက်ခံလိုက်ရတယ်။
ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တနည်းအားဖြင့် အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ အနေအထား ပြန်ရောက်ဖို့အတွက် တိုက်ပွဲဝင်ခဲ့ကြရတယ်။ မြန်မာစစ်တပ်ဟာ သွေးခွဲအုပ်ချူပ်ပြီး တိုင်းရင်းသား ညီနောင်တွေကို ချေမှုန်းဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး သမားတွေဟာလဲ မြန်မာစစ်အာဏာရှင်တွေရဲ့ ဂျင်း မိပြီး မြန်မာလူမျိုးဆိုတာ မုန်းဖို့ဘဲသိကြတော့ တယ်။
တကယ်တော့ မြန်မာလူမျိုးဘဲဖြစ်ဖြစ်၊ တိုင်းရင်းသားလူမျိုးဘဲဖြစ်ဖြစ် နိုင်ငံရေးအတ္တကြီးပြီး လူထု ဘဝကို မကြည့်တဲ့ လူ၊ အဖွဲ့အစည်းတွေရှိကြပါတယ်။ လူ့အခွင့်အရေးရှိဖို့ဆိုတာကလဲ ပထမဆုံး လူကို လူလို့မြင်ဖို့လိုပါတယ်။ လူလူချင်းဆက်ဆံရေးမှာလဲ ဘယ်သူက ဘယ်သူ့ထက်ပိုသာတယ်ဆိုတဲ့ အမြင် ထက်၊ တစ်ယောက်လုပ်နိုင်တာနဲ့ နောက်တစ်ယောက်လုပ်နိုင်တာ တတ်ကျွမ်းတာတွေဟာ ကွာခြား မှုဖြစ်တယ်လို့ နားလည်ဖို့လိုပါတယ်။ မတူညီတဲ့အတတ်ပညာ၊ နယ်ပယ်မှာ ရှိကြတယ်ဆိုတာမျိုးကို လက်ခံရမှာပါ။
လူမျိုးတစ်မျိုးနဲ့ တစ်မျိုးဟာ၊ မတူတာဘဲဖြစ်ပြီး အဲ့ဒီမတူညီခြင်းဟာ လှပတဲ့ ပန်းဉယဉ်လို တိုင်းပြည် ရဲ့ ယဉ်ကျေးမှု ထွန်းကားခြင်းလို့ နားလည်လက်ခံခဲ့ရင် လူ့အခွင့်အရေးဆိုတာကို တကူးတကပြောပြီး တည်ဆောက်နေဖို့မလိုပါဘူး။
လူ့အခွင့်အရေးမရှိတဲ့လူတွေအတွက် လူ့အခွင့်အရေးဆိုတာကို ငတ်မွတ်ကြပါတယ်။ ကိုယ်ပိုင်ဆိုင် ထားတာတွေကို ပြည်သူပိုင်လိုလို နာမည်တပ်ပြီး တစ်စုတဖွဲ့က အပိုင်သိမ်းသွားတာကို ပြန်ရယူဖို့ တိုက်ပွဲဝင်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ တရားသော လုပ်ဆောင်ခြင်းလို့ ပြောရမှာဘဲ ဖြစ် ပါတယ်။ သူတို့ ရှိပြီးသားအခွင့်အရေးကို လုယူခံရတဲ့အခါ ပြန်ပြီး တိုက်ယူရမှာ သဘာဝပါဘဲ။
လူ့အခွင့်အရေးလို့ တကယ်နားလည်ပြီး ကျင့်သုံးဖို့ဆိုရင် လူ့အခွင့်အရေးနဲ့ ညီညွတ်တဲ့ နေထိုင်ပြောဆို ဆက်ဆံမှုတွေကို လူ့ပတ်ဝန်းကျင်မှာ ကျယ်ပြန့် ပျံ့နှံ့အောင် လုပ်ရမဲ့ တာဝန်ရှိပါတယ်။ လူ့အခွင့်အရေး တိုက်ပွဲဟာ ပညာပေးရေးနဲ့ ပညာရည် ပျံ့ပွားရေးဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့အသွင်၊ ငြိမ်းချမ်းတဲ့ ဆောင် ရွက်ချက်တွေဖြစ်ဖို့လိုပါတယ်။ အနိမ့်ဆုံးအဆင့် မိမိရဲ့အမြင်တွေကို ပြောင်းလဲပစ်ရပါမယ်။ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့နေရာဆိုတာ တွေကို ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ငါ့လူမျိုးလို့ပြောပြီး ကိုယ့်လူမျိုးကို ကိုယ်ပြန်အနိုင် ကျင့်သတ်ဖြတ်တာမျိုး၊ ငါ့ဘာသာလို့ပြောပြီး ဘာသာတရားက သွန်သင်မှုတွေကို နာခံချင်တာကို နာခံ ပြီး မနာခံချင်တာကို ချန်ထားခဲ့လို့ မရပါဘူး။ ငါ့နေရာဆိုပြီး မသေမချင်းလဲ ဆုတ်ကိုင်ထားလို့ မရပြန်ပါဘူး။ လူ့အခွင့်အရေးဟာ တစ်ဉီးချင်းစီရဲ့ အခွင့်အရေးကိုလဲ မထိခိုက်အောင် အများနဲ့လဲ လိုက်လျောညီထွေနေထိုင်ပြီး အသိအမှတ်ပြုတတ်အောင် နေထိုင်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်တွေ့ကျတော့ မိမိကိုယ်တိုင် လူ့အခွင့်အရေးကို ပြန်လည်ရယူရန် ကြိုးစားနေသော်လဲ မိမိကိုယ်တိုင် အခြားသူများရဲ့ အခွင့်အရေးကို ထိပါးမိ၊ ထိခိုက်မိပြီး ခွဲခြားဖိနှိပ်မှုတွေ လုပ်ဆောင် တတ်တာကို သတိပြုဖို့လိုပါတယ်။ ဒါကြောင့်လူ့အခွင့်အရေးကို ရရှိဖို့ မိမိကိုယ်ကို တိုက်ပွဲဝင်ဖို့ လိုပါတယ်။ မိမိစိတ်က လူကို လူကိုလူချင်း မြင်ပြီး လူကိုလူလိုဆက်ဆံတတ်ဖို့ပါ။ မိမိကိုယ်ကို အသိအမှတ်ပြုဖို့လိုသလို အခြားသူတွေကိုလဲ အသိအမှတ်ပြုဖို့ မမေ့အပ်တာပါ။ ဒါမှသာလျှင် လူ့အခွင့်အရေးထွန်းကားမှုဟာ ပြည်နယ်တိုင်းနဲ့ လူမျိုး တိုင်းမှာ ထွန်းကားလာမှာပါ။
အခုတော့ တိုင်းပြည်မှာ လူတွေသားတွေကို စိတ်ရှိလက်ရှိသတ်ဖြတ်ပြီး၊ လူထုရဲ့ ချွေးနဲစာနဲ့ စုဆောင်း ထားတဲ့ ငွေကြေးတွေ၊ ပိုင်ဆိုင်မှုတွေကိုပါ ခိုး၊ လုယပ်၊ ဓါးမြတိုက်နေတဲ့ စစ်ခွေးသူခိုး အာဏာရှင်တွေ ကြောင့် တိုင်းပြည်မှာ လူ့အခွင့်အရေးဝန်းကျင် ဖန်တီးနိုင်ဖို့ ပြန်လည် တိုက်ပွဲ ဆင်နွဲနေရတာပါဘဲ။
အာဏာရှင်စနစ်ကျဆုံးပါစေ။
လူ့အခွင့်အရေးထွန်းကားပါစေ။
ထွယ်ဆန်။
