လူဦးရေ ထိန်းချုပ်ရေးဥပဒေနှင့်ပတ်သတ်၍ မြန်မာ့လူ့အသိုင်းအဝိုင်းကြား အတွေးအမြင် အမျိုးမျိုး ကွဲပြားလျှက်ရှိသည်။ ထို့ကြောင့်အမျိုးသမီးဆရာဝန်တစ်ဦး၊ အမျိုးသမီးရေးတက်ကြွလူပ်ရှားသူတစ်ဦး၊ တိုင်းရင်းသူအမျိုးသမီးတစ်ဦး၊ နိုင်ငံရေးပါတီဝင် အမျိူးသမီးတစ်ဦးနှင့် အစ္စလာမ် ဘာသာဝင်တစ်ဦး၊ စုစုပေါင်း (၅)ဦးတို့ဆွေးနွေးချက်များကို စိတ်ဝင်စားဖွယ်သိရသည်။
သူတို့၏ ဆွေးနွေးချက်များမှာ-
ဆရာဝန်။ ။ ကျမ ဆရာဝန်လုပ်သက် ၃ နှစ်ကျော်ဘဲရှိပါသေးတယ်။ အခုတော့ သုတေသနဌာနတခုမှာအလုပ်လုပ်နေပါတယ်။ ကျမတို့လေ့လာချက်အရဆိုရင် မြန်မာပြည်မှာ အရင်တုန်းကထက် မွေးဖွားနှုန်းကျဆင်း နေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် လူဦးထိန်းချုပ်ရေး ဥပဒေ ဆိုတာ လိုအပ်သလဲ။ ဘဃ်သူ့ကိုများ ပစ်မှတ်ထားနေသလဲဆိုတာကိုတော့ စဉ်းစားစရာဖြစ်ပါတယ်။ လူဦးရေထိန်းချုပ်ရေး ဥပဒေကို ပြဌာန်းမယ်ဆိုရင်တော့ ကိုဃ်ဝန်ဖျက်ချခွင့်ကို တရားဝင်ပြဌာန်းဖို့လိုအပ်ပါတယ်။ မိသားစုစီမံကိန်းကို ပိုပြီးစောင်းပေးထားတာတော့ တွေ့ရပါတယ်။ ဒါပေမဲ့ မိသားစုစီမံကိန်းနဲ့ တင်မလုံလောက်ပါဘူး။ မမျှော်လင့်ဘဲ (သို့မဟုတ်) အဆင်သင့်မဖြစ်ခင် ကိုယ်ဝန်ဆောင်လိုက်ရတဲ့ အချိန်မှာ သူက ကိုယ်ဝန်ကို မလိုချင်တော့ဘူး ဆိုရင် ဖျက်ချတော့မှာဖြစ်ပါတယ်။ ဒီတော့ လုံခြုံစိတ်ချ ရတဲ့ ဖျက်ချခွင့်ရှိဖို့လိုအပ်ပါတယ်။ အဲ့လိုလုပ်မယ် ဆိုရင် ၃လအောက် ကိုယ်ဝန်ဆောင်တွေကို ကိုယ်ဝန်ဖျက်ချခွင့်ပြုရပါတော့မယ်။ ဒါကိုမထည့်သွင်း မစဉ်းစားလို့မရပါဘူး။ ဒါပေမဲ့ မြန်မာပြည်မှာ တရားဝင် ကလေးဖျက်ချခွင့်မရှိပါဘူး။ ဥပဒေနဲ့ အသေအချာကို တားမြစ်ထားတာတွေ့ရပါတယ်။
အမျိုးသမီးတက်ကြွလှူပ်ရှားသူ။ ။ကျမ ကတော့အမျိုးသမီးတက်ကြွလှူပ်ရှားသူဖြစ်ပါတယ်။ ဒါကြောင့် ကျမကတော့ လက်ရှိမြန်မာပြည်ရဲ့ ယဉ်ကျေးမှုနဲ့ အမျိုးသမီးတွေရဲ့ အခြေအနေအပေါ်အခြေခံပြီး ဆွေးနွေးချင်ပါတယ်။ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုပြီးချင်း ကလေးမလိုချင်ကြပါဘူး။ ဒါပေမဲ့ အိမ်ထောင်ပြုပြီးရင် ကလေးမွေးရမယ်ဆိုတဲ့ ကျမတို့ မြန်မာ့အသိုင်းအဝိုင်းကြောင့် အမျိုးတွေဟာ အိမ်ထောင်ရေးဘဝဆိုတာကို မပြင်ဆင်ရခင်မှာဘဲ ကလေးယူလိုက်ရပါတယ်။ မယူဘူးဆိုရင်လည်း ပတ်ဝန်းကျင် နှစ်ဖက်ဆွေမျိုးအသိုင်းအဝန်းတွေရဲ့ ဖိအားပေးတာကို ခံရတာမျိုး တွေ့ရပါတယ်။ အထူးသဖြင့် ကလေးကို စတင်ပြီး လိုချင်သူများက သူတို့ရဲ့ အမျိုးသားများသာ ဖြစ်ပါတယ်။ အမျိုးသားတွေဟာ ကလေးယူဖို့ တွန်းအားပေးပေမဲ့ ကလေးကို ထိန်းကျောင်းဖို့ တာဝန်မယူကြပါဘူး။ ဒီခေတ်မှာဆို ကလေးကို ကျွေးမွေးဖို့တောင် လုံလောက်အောင် ရှာဖွေမပေးနိုင်ပါဘူး။ ဒီတော့ မိခင်ဖြစ်သူဟာ ကလေးကို ရင်ခွင်ပိုက်ပြီး တခြားအလုပ်တွေလုပ်ဖို့ဆိုတာ ဘယ်သူမှ မခိုင်းချင်ကြဘူး။ဒီတော့ သူတို့တစ်တွေဟာ ကလေးထိန်းတွေနဲ့ ထားပြီး အလုပ်လုပ်ကြရပါတယ်။သူတို့ကိုယ်တိုင်လွယ်ရမဲ့ ကိုယ်ဝန်ကို ကိုယ်တိုင်က ယူမယ် မယူဘူးစဉ်းစားပြီး အဆင်သင့် မဖြစ်သေးရင်တော့ ကိုယ်ဝန်မဆောင်ဘဲ တားမြစ်ထားနိုင်တာဟာ သိပ်ကိုကောင်းတယ်လို့ ထင်မြင်ယူဆပါတယ်။ အမျိုးသမီးတွေအတွက်လဲ တဖက်မှဆုံးဖြတ်ချက်ကို ချဖို့အတွက်သေချာ တွက်ချက် စဉ်းစားနိုင်ချေရှိတဲ့ အတွက် ကျမကတော့ သဘေားကျပါတယ်။ တပြိုင်နက်ထဲမှာ ဆရာမ ပြောတဲ့ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေလဲ လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။
တိုင်းရင်းသူတစ်ဦး။ ။ ကျမကတော့ ကိုယ်ဝန်တားမြစ်တာလဲ လက်မခံသလို ဖျက်ချတာဆို ပိုတောင်လက်မခံပါဘူး။ ကျမက ခရစ်ယာန် RC ဖြစ်ပါတယ်။ ကျမတို့ ဘာသာရေးအရ ဘုရားသခင်ပေးတယ်ဆိုရင် ဘယ်နှစ်ယောက်ရရ ယူရပါတယ်။ တားမြစ်တာမျိုးမလုပ်ပါဘူး။ ဘုရားသခင်က မပေးဘူးဆိုရင် ကလေးရချင်ရင်လဲ ရမှာ မဟုတ်ဘူး။ ဒါကျမတို့ အသိုင်းအဝန်းမှာ လက်ခံထားကြတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို ကိစ္စမျိုးဆွေးနွေးရင် ကျမတို့ ပတ်ဝန်းကျင်မှာ ဘေးဖယ်ခံထားရပါ လိမ့်မယ်။ ဒါပေမဲ့ တဖက်မှာ ပြန်ကြည့်မယ်ဆိုရင် ကျမတို့ ရွာတွေမှာ ကလေးတွေများပြီး အိမ်ထောင် မိသားစုတွေ ဆင်းရဲကြပါတယ်။ ကျွေးနိုင်တယ်၊ အတတ်နိုင်ဆုံးကျောင်းထားမယ်ဆိုတာထက် မပိုပါဘူး။ ကလေးများများရထားတော့ မိသားစု ဝင်ငွေနဲ့ ထွက်ငွေမမျှတဘူး။ ဒီတော့ မိသားစုတွေဆင်းရဲကြတယ်။ အဲဒီအချက်ကိုထောက်ပြရင်လဲ ဘုရားကျောင်းက လက်ခံမယ် မထင်ပါဘူး။ ကျမအနေ နဲ့တော့ အဲ့ ကိစ္စမျိုးဆွေးနွေးဖို့ ဆွေးနွေးနိုင်တဲ့ ဝန်းကျင်ကို အရင်ဆုံးလုပ်ဆောင်ဖို့လိုလိမ့်မယ်လို့ယူဆပါတယ်။ ခုလို လူဦးရေထိန်းချုပ်ရေး ဥပဒေဟာ လူ့အခွင့်အရေး ရှု့ထောင့် က ကြည့်ရင်လဲ လူ့အခွင့်အရေးချိုးဖောက်သလိုဖြစ်ပါတယ်။

ပါတီဝင်အမျိုးသမီး။ ။ ကျမတို့နိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့် ကျမတို့နိုင်ငံနဲ့ အတူ အခြားဆင်းရဲတဲ့ နိုင်ငံတွေမှာ သားဆက်ခြားပညာပေးရေးက ပိုလိုအပ်လိမ့်မယ်လို့ထင်ပါတယ်။ ကလေးမွေးတယ်ဆိုတာ မွေးပြီးကျွေးထားရုံနဲ့မလုံလောက်ပါဘူး။ ကလေးတယောက်ရှင်သန်ကြီးထွားဖို့ဆိုရင် သူတို့ကျန်းမာသန်စွမ်းပြီး ရင့်ကျက်တဲ့အနေအထားရောက်တဲ့ အထိ ပြုစု ပျိုးထောင်ရပါမယ်။ အဲ့ဒီလို ပြုစုပျိုးထောင်တဲ့ အခါမှာ မိဘတွေရဲ့ မေတ္တာ၊အချိန်ပေးမှု နှစ်ဖက်မိဘတွေရဲ့သိမ်မွေ့စွာသင်ကြားမှုတွေနဲ့ ကြီးပြင်းဖို့လိုပါတယ်။ အဲ့လိုဖြစ်ဆိုုတာ မိဘတွေအနေနဲ့ သားသမီးအပေါ် အချိန်နဲ့ ဘဝတွေကိုရင်းနှီး မြှပ်နှံရပါတယ်။ တဖက်မှာလဲ ကလေးတွေရဲ့ စိတ်ပညာကိုလေ့လာရပါတယ်။ ဒါမှသူတို့လိုချင်တာ သူတို့ုဖြစ်ချင်တာကို သန်မာအောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ထက်မြတ်ရင့်ကျက်တဲ့ ကလေးတွေရနိုင်ဖို့ဆိုရင် အချိန်လိုအပ်တယ်။ အိမ်ထောင်သည်ဖြစ်ရင် အိမ်ထောင်သည်ဆိုတဲ့ ဘဝကိုု အရင်ကျော်ဖြတ်တာကောင်းပါတယ်။ နှစ်ယောက်အတူနေထိုင်ပြီး တယောက်အကြောင်းတယောက် ဂဂနနသိဖို့လိုပါတယ်။ ချစ်ကြိုက်ပြီးလက်ထပ်တာဖြစ်ဖြစ်၊ နှစ်ဖက်သဘေားတူပြီး ကိုယ်တိုင်နှစ်သက်လို့ဘဲဖြစ်ဖြစ် လက်ထပ်ပြီး အိမ်ထောင်သည် ဘဝကို အရင်ဖြတ်သန်းကြည့်ဖို့လိုပါတယ်။ အိမ်ထောင်ပြုပြီး တစ်နှစ် ၂နှစ်လောက်ဆိုရင်တော့ ဘေးနှစ်ဖက်စလုံးမှာ လိုအပ်ချက်တွေမြင်လာမယ်။ လိုအပ်ချက်တွေအပေါ်မှာ ဘယ်လိုအပြန်လှန် ဖြည့်ဆည်းသွားမလဲဆိုတာကို အဖြေရှာနိုင်ပါတယ်။ အဲဒီအဆင့်ကို ကျော်ဖြတ်ပြီး မိသားစု ဘဝကို ပိုင်ဆိုင်နိုင်ရင် အကောင်းဆုံးပါ။ လူနှစ်ယောက်အခြေအနေတည်ငြိမ်မှ နောက်တိုးတယောက်ကို သေချာစီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလောက်စီစဉ်ဆောင်ရွတ်ထားရင်တောင်မှ လွဲချော်မှုရှိနိုင်ပါသေးတယ်။ ဒါကြောင့် ကလေးရဖို့ကို အလွယ်တကူဆုံးဖြတ်တာ မသင့်တော်ပါဘူး။
ဒါပေမဲ့ အဲဒီအခြေအနေကို ထိန်းညှိ့နိုင်အောင်ဆိုရင် ဥပဒေရှိဖို့လိုအပ်သလို ပညာပေး လုပ်ငန်းတွေကိုပါ ဒွန်တွဲလုပ်သွားနိုင်မှဖြစ်မှာပါ။ ဒါကိုလဲ အစိုးရအနေနဲ့ နိုင်ငံတော်ဘတ်ဂျက် ထဲကနေ ထည့်သုံးနိုင်အောင် စဉ်းစားရပါမယ်။ အဲ့ဒီလို ဒွန်တွဲပြီးမလုပ်နိုင်ဘူးဆိုရင်တော့ ဥပဒေပြုခြင်းအားဖြင့် လူတွေဟာ အလွယ်တကူဥပဒေကို ချိုးဖောက်မှန်း မသိ ချိုးဖောက်မိလျှက်သာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို ဥပဒေမျိုး ချမှတ်မယ်ဆိုရင် ပညာပေးမှုကိုပါ တပါးထဲ ပါဝင်မှဖြစ်မယ်လို့ယူဆပါတယ်။ တခုတော့ရှိတာပေါ့ တရုတ်ပြည်လို ONE CHILD POLICY လိုမဖြစ်သွားဖို့လိုတယ်။ အားလုံးသိတဲ့အတိုင်းဘဲ အဲ့ဒီမှုကြောင့် ဒီကနေ တရုတ်နိုင်ငံမှာပြသာနာ တက်နေတာ ။ အဲ့ဒီပြသာနာက အိမ်နီးချင်းကိုပါ ကူးကပ်သွားတာတော့ သိထားဖို့လိုပါတယ်။
အစ္စလာမ်ဘာသာဝင်တစ်ဦး။ ။ တကယ်တော့ ဒီလိုဥပဒေမျိုး မှုကြမ်းမထွက်ခင်ကတည်းက ရခိုင်ပြည်နယ် မွတ်စလင်အများစု ရှိတဲ့နေရာမှာဆို အဲ့ဒီ ဥပဒေက ကျင့်သုံးနေတာ နှစ်ပေါင်း ၂ဝလောက်ရှိပါပြီ။ အစ္စလာမ်ဘာသာ အနေများတဲ့ နေရာမှာ အခု မှုကြမ်းထွက်လာတဲ့ ဥပဒေက လက်တွေ့ကျင့်သုံးနေခဲ့တာပါ။ မွတ်စလင်တွေက ကလေး၂ ယောက်ထက်ပို မယူပါဘူး။ ဒီတော့ အမျိုးသမီးတွေဟာ ဥပဒေချိုးုဖောက်သူ တွေဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ သူတို့ တားဆေးမစားကြပါဘူး။ ကလေး၂ဦးထက်မကလဲ မွေးကြပါတယ်။ ကလေး ၂ယောက်ထက်ပိုသွားရင် ဥပဒေအကြောင်းအရ နောက်ကလေးတွေ တရားမဝင်ကလေးဖြစ်သွားရပါတယ်။ နောက်မွေးလာတဲ့ ကလေးတွေကို မွေးစရင်းမထုတ်ပေးပါဘူး။ အဲဒီရဲ့နောက်ဆက်တွဲကတော့ ကလေးတွေ ပညာသင်ကြားခွင့်မရှိတော့ပါဘူး။ ဒါကြောင့် မိဘတွေ အရွယ်နည်းနည်းရောက်လာတော့ ကလေးတွေကို နိုင်ငံခြားတွေမှာအလုပ်သွားလုပ်နိုင်အောင် ကြားပွဲစားတွေနဲ့ ဆွေးနွေးပြီး ကလေးတွေကို အပြင်ထုတ်ရပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲ ပြသာနာကတော့ အဲ့ဒီကလေးတွေဟာ လူကုန်ကူးခံရတော့တာပါဘဲ။ ဒါဟာ တဖက်မှာ ကလေးအခွင့်အရေးကို ထိန်းချုပ်ထားသလို လူတွေရဲ့ ယုံကြည်မှုကို အကန့်အသတ်လုပ်ထားတာဖြစ်ပါတယ်။ ကျမတို့ ဟာ သားသမီးတွေကို ရတနာလို့ သဘေားထားပါတယ်။ ဘုရားပေးတဲ့ သားသမီးတွေကို အကန့်အသတ်အနေနဲ့ထိန်းချုပ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးပါဘူး။ ဒီဥပဒေမျိုးဟာ အမျိုးသမီးရှု့ထောင့်က ကြည့်ရင် အမျိုးသမီးတွေကို ဥပဒေချိုးဖောက်ဖို့ တွန်းပို့ခံရ သလို ဖြစ်နေတာကိုတော့ ထည့်တွက်ဖို့ လိုတယ်ထင်ပါတယ်ဟု ဆွေးနွေးသွားခဲ့ကြသည်။
(ထွယ်ဆန်)