Human Rights Watch – KRW
မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်းသည် ဒီမိုကရေစီအုပ်ချုပ်ရေးကို ပျက်သုန်းစေခြင်းဖြစ်သည်။
နိုင်ငံတကာအဖွဲ့မှ ဖော်ြပချက်အရ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့၀င်များသည် လူသားမျိုးနွယ်စုများအပေါ် ရာဇ၀တ်မှုများကို မြန်မာနိုင်ငံအနှံ့အပြားတွင် ပြင်းထန်စွာ ကျူးလွန်နေသည်။ ကနေဒါ၊ ဥရောပသမ္ဂ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများက စစ်တပ်ထိပ်သီးခါင်းဆောင်များ၏ စီးပွားရေးလုပ်ငန်းကြီးများကို ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။ ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း စစ်တပ်၏ အဓိက၀င်ငွေများဖြစ်သော ရေနံနှင့် သဘာ၀ဓာတ်ငွေ့မှ ရရှိသော ပင်မ၀င်ငွေများကို မည်သည့်အစိုးရများမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ကန့်သတ်ထားခြင်း မရှိခဲ့သည်ကို ဖော်ပြထားပါသည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းကနေ ယခုချိန်ထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော ပြည်သူများကို စစ်ကောင်စီမှ အကြောင်းမဲ့ပစ်သတ်ခြင်း၊ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ပြီး နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသူစုစုပေါင်း အနည်းဆုံး ၁၃၀၀ ကျော်ထိရှိလာခဲ့သည်။ ၎င်းသတ်ဖြတ်ခံရသူများထဲမှ ၇၅ဦးခန့်သည် ကလေးငယ်များဖြစ်သည်။
လက်ရှိအချိန်တွင်လည်း ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဒီးမော့မြို့တို့အား စစ်ကောင်စီသည် လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြင်းတွေကြောင့် ဒေသခံပြည်သူများ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထို့ကြောင့် စစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးများ မတရားကျူးလွန်နေသည့်အတွက် အကြမ်းဖက်စစ်ကောင်စီဟု နိုင်ငံတကာမှ
သတ်မှတ်နိုင်ရန်အတွက် တိုက်တွန်းဖို့ လိုအပ်နေကြောင်းမြင်မိသည်။
စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်တွေမှာ အရပ်သားပြည်သူလူထုများကို စစ်ကောင်စီမှ ခြိမ်းခြောက်ခြင်း၊ အစုလိုက် အပြုံလိုက်မီးရှို့သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သလို ဒေသခံနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။ ဤလုပ်ရပ်ဟာ လူမဆန်စွာ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေခြင်း ဖြစ်ကြောင်းတွေ့ရသည်။
အဆိုပါဖော်ပြချက်တွေက သက်သေဖြစ်နေသော်လည်း အာဏာသိမ်းစစ်ကောင်စီသည် လက်နက်ချခြင်းမရှိဘဲ တရား၀င်အစိုးရဖြစ်လာရန် ကြိုးပမ်းနေကြောင်းလည်း တွေ့ရသည်။ သို့သော် ပြည်သူလူထုများက ပုံစံမျိုးစုံအသုံးပြုပြီး ရရာလက်နက်ဖြင့် တော်လှန်နေသည်ကိုလည်း တွေ့ရသည်။
လူသားတစ်ဦးရပိုင်ခွင့်ရှိသည့် လူ့အခွင့်အရေးများကို သိသိလျက်ဖြင့် ဆက်လက်ချိုးဖောက်ကျူးလွန်နေသော၊ မိမိစီပွားရေးကိုသာကြည့်သော အာဏာသိမ်းစစ်ကောင်စီတပ်ကို နိုင်ငံတကာမှ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်သင့်ကြောင်း မြင်မိပါသည်။
