စစ်ကောင်စီသည် ဖေဖော်ဝါရီလ (၁) ရက်နေ့ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် အချိန်မှ စတင်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားလူငယ်များ၊ သတင်းသမားများ၊ အရပ်သားများကို မတရားဖမ်းဆီး ခဲ့ခြင်း သာမက ကျေးရွာများအတွင်းသို့ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ လုယက်ခြင်းများကို ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရှိနေရပါသည်။ စစ်ကောင်စီ၏ လုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တရားဥပဒေများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ကျူးလွန်နေခြင်းဖြစ်ပါသည်။

အောက်တိုဘာလ(၇) ရက်နေ့တွင် ဥရောပပါလီမန် အစည်းအဝေးတွင် စစ်ကောင်စီကို တရားမဝင်ကြောင်း ကြေညာထားပြီး အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့် မပြုဖို့ အာဆီယံအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီမှ အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်တွင်တစ်ကြိမ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဒုတတိယအကြိမ်လွှတ်ပေးရာတွင် ကချင်လူမျိုးနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းသမား များနှင့် အရပ်သားအချို့ ပြန်လည်လွှတ်မြောက်လာခဲ့ပါသည်။ စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ များအား မတရား ဖမ်းဆီးပြီး ပြန်လွှတ်ပေးခြင်းသည် နိုင်ငံတကာဖိအားကို လျှော့ချရန် လုပ်ဆောင်မှုတစ်ခုသာဖြစ်ကြောင်း “ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့” မှ သုံးသပ်ပါသည်။ ထိုသို့ လွှတ်ပေးခြင်းသည် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ခွင့်မပေးခြင်းနှင့် နိုင်ငံတကာဖိအား ပေးမှုများ၏ အကျိုးသက်ရောက်မှု ဖြစ်ကြောင်း တွေ့မြင်ရ ပါသည်။
လက်ရှိအချိန်ထိ မတရားဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာလူ့ အခွင့်အရေးများကို လေးစားလိုက်နာရန် မိမိတို့ “ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့”မှ တောင်းဆိုလိုက်ပါသည်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW)