အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက မြစ်ဆုံ ရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းမှုကို မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းသား၊ လူငယ်များသည် ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့တွင် မြစ်ဆုံစီမံကိန်း ရပ်တန့်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။
အာဏာသိမ်းစစ်တပ်သည် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် ကော်မတီများ ဖွဲ့စည်းကာ ကချင်ပြည်နယ်ရှိ မြို့နယ်အသီသီးရှိ ဒေသခံပြည်သူများကို ခေါင်းစဉ် အမျိုးမျိုးဖြင့် အစည်းအဝေးဖိတ်ခေါ်၍ ဝါဒဖြန့်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေသည်။ ယခုကဲ့သို့ ဟန်ပြ၊ အတင်းအဓမ္မ ဆွေးနွေးပွဲများဖြင့် မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းလာမှုကို ဒေသခံလူငယ်များက ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြောင်းကို ပါဝင်ခဲ့သည့် လူငယ်တစ်ဦးက “မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်လုပ်ဆောင် နိုင်ရေး ကော်မတီတွေဖွဲ့စည်းပြီး လှုပ်ရှားနေတာတွေ မြင်နေရပါတယ်။ ကောင်းကျိုးထက် ဆိုးကျိုးကပိုများတဲ့ စီမံကိန်းဖြစ်လာနိုင်တာ ကြောင့် ကျနော်တို့ မြစ်ကြီးနားကိုရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ အတူ လူငယ်တွေ ပူပေါင်းပြီး ဒီရေကာတာကိုဆက်မလုပ်ဖို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်”

အဓိက ကန့်ကွက်ရသည့် အကြောင်းရင်းမှာ မြစ်ဆုံဒေသသည် အမှတ်သင်္ကေတ တစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ အသက်သွေးကြောတစ်ခုလည်းဖြစ်သည်။ မြစ်ဆုံရေကာတာ တည်ဆောက်လိုက်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာမည်၊ လူမှုရေးအရဆိုးကျိုးများအပြင် နိုင်ငံရေးနဲ့ စီးပွားရေးအရ ဆိုးကျိုး အများကြီးရှိလာမည်ဖြစ်သည်။ ထိုဆိုးကျိုးများကို မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ အထူးသဖြင့် ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူများက အများဆုံး ခံစားရမှာဖြစ်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့သူတစ်ဦးက “မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ခြင်းအကြောင့် နောက်ဆက်တွဲအဖြစ် ရေကြီးရေလျှံမှုအန္တရာယ်တွေ ဖြစ်လာနိုင်သလို ကျမတို့ ကချင်ဒေသခံ ပြည်သူ တွေသာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက်ပါ ကောင်းကျိုး ရှိမှာမဟုတ်ဘူး”။
ထို့ပြင် ယခုကဲ့သို့ မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရန် ပြည်သူများကို ဖိတ်ခေါ်စဉ် အစည်းအဝေးခေါင်းစဉ်တပ်၍ ခေါ်ယူခြင်း၊ အတင်းအဓ္ဓမ အစည်းအဝေးခေါ်ယူခြင်းကို ရပ်တန့်ရန်နှင့် မတည်ငြိမ်သည့် နိုင်ငံရေးအခြေအနေ တွင် စီမံကိန်းကြောင့် လက်နက်ကိုင်ပဋိပက္ခကို အရှိန်အဟုတ် ပို၍ မြှင့်စေ ကြောင်းကို ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ဒါရိုက်တာ ဆိုင်းမိုင် “ လတ်တလောကချင်မှာ စစ်ရေးအရှိန်မြှင့်ဖို့ လက်နက်တွေ၊ စစ်ယာဉ်တန်းတွေ ပိုပို့မြှင့်တင်ပို့ဆောင်နေတာတွေ့ရတယ်။ အဲတာတွေက မြစ်ဆုံ စီမံကိန်းပြန်စ နိုင်ဖို့နဲ့၊ ပိုးလမ်းမကြီးရှိတဲ့နေရာ၊ သဘာဝ သယံဇာတတူးဖော်တဲ့ နေရာတွေကို ဦးတည်နေကြတယ်”။

အဆိုပါနယ်မြေများသည် ဧပြီလ၊ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် အရေးပေါ် အခြေအနေကြေညာထားသော မြို့နယ်စာရန်းများတွင်ပါဝင်သည်။
ယခုအချိန်တွင် သိန်းနှင့်ချီသော ပြည်သူများသည် နယ်ရပ်ကိုစွန့်ခွာ၍ စစ်ပြေး ရှောင်ဘဝရောက်ရှိနေချိန်၊ စစ်ပွဲများကြောင့် ကျီးလန့်စာ လုပ်ကိုင်စားသောက်နေရ ချိန် ယင်းတို့ အတင်းအကြပ် စုဆောင်း၍ ထောက်ခံမှုရယူခြင်းများ၊ ခြိမ်းခြောက်မှု နေသည့် လူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်သည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ဆိုးကျိုးများ၊ နောက်ဆက်တွဲပြဿနာများကိုလည်း KHRW အဖွဲ့မှ စောင့်ကြည့် ပြောဆို ဖော်ထုတ်သွာမည်ဖြစ်သည်။
မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရန် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ် ကျောင်းသား/ သူများ၊ ဒေသခံများ၊ လူငယ်များနှင့် ဧရာဝတီမြစ်ကြောင်းတလျှောက်က ပြည်သူ များနှင့်အတူ ဆက်လက်ကန့်ကွက်သွားမည်ဖြစ်သည်။

