ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ကောင်းဂျာကျေးရွာက စစ်ဘေးရှောင်ပြည်သူများ ဆုတောင်းဝတ်ပြုနေချိန်မှာ အာဏာသိမ်းစစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် (၄) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ဒီအကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၁၈) ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ကလေးငယ်တွေအပါအဝင် (၄၀) ဦးကျော် ဒဏ်ရာရရှိခဲ့ပါသည်။ လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများသည် ဆေးကုသရန် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေပါသည်။
ဤနေရာသည် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် နေရာဖြစ်ပါသည်။ ယခုကဲ့သို့ တိုက်ခိုက်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု (Crimes Against Humanity) မြောက်နေပါသည်။ စစ်ကောင်စီ၏ ဒီလုပ်ရပ်ကို မိမိတို့ “ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW)” အဖွဲ့အစည်းအနေဖြင့် အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါသည်။
“နောက်ထပ်အသက်တွေမဆုံးရှုံးရအောင်လေယာဉ်ဆီတင်သွင်းခွင့်ကိုနိုင်ငံတကာကအမြန်ဆုံးပိတ်ပင်ပေးဖို့လိုအပ်ပါတယ်၊ပြီးတော့ဒီလုပ်ရပ်ဟာနိုင်ငံတကာတရားမျှတရေးအဖွဲ့အစည်းတွေအနေနဲ့စစ်ကောင်စီကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ဖို့ခိုင်လုံတဲ့သက်သေတစ်ခုဖြစ်ပါတယ်။” ဟု KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကပြောပါသည်။


