ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ (အပိုင်း ၃) ကာလအတွင်း နယ်မြေလုံခြုံရေး အခြေအနေများကြောင့် မြို့ပေါ်ရှိ မဲရုံများ ပိတ်ထားခဲ့ရသည်။ ထိုနေ့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် KIA နှစ်ဖက်တပ်များအကြား လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး၊ နံနက်ပိုင်းအချိန်၌ ဆိုင်းတောင် ရပ်ကွက် (၃) အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် (၃) ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ငှက်ပျောတောရပ်ကွက်တွင်လည်း လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ လက်ရှိ ဖားကန့်မြို့အပါအဝင် ဝိုင်းမော်မြို့နှင့် ဗန်းမော်မြို့များရှိ အရပ်သားပြည်သူများ၏ အသက်လုံခြုံရေးအတွက် အထူးစိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃) ပတ်မြောက်ကာလအတွင်း စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများ ခိုလှုံရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။။ ဤကဲ့သို့ စစ်ရှောင်ပြည်သူများကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များအပေါ် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် လိုအပ်နေပါသည်။

