ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် KIA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက မိုးမောက်သွားလမ်းပေါ်ရှိ ၃ မိုင်ကျေးရွာ (Nam Hpa Nawng) အတွင်း လူနေအိမ်များနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် ၃ မိုင်ကျေးရွာ၊ နမ့်ဖာနောင်းဘက်သို့ စစ်ကြောင်းထိုးလာစဉ် KIA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်ကို သိရှိရသည်။ ထို့နောက် အောက်တိုဘာ ၁၂ ရက်နေ့တွင် ကျေးရွာအတွင်း ဝင်ရောက်ကာ KBC ဘုရားကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
ဤကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့များ၏ လုပ်ရပ်သည် ဘာသာရေးဝတ်ပြုရာနေရာများနှင့် အရပ်သားပိုင်ဆိုင်မှုများကို အကာအကွယ်ပေးထားသည့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေမူများနှင့် သက်ဆိုင်သည့် စိုးရိမ်ဖွယ်ရာ ချိုးဖောက်မှုတစ်ရပ်ဖြစ်သည်။ ထို့အပြင် ကချင်ပြည်နယ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် နေရာများကို စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုမှုများလည်း တွေ့ရှိနေရသည်။
ဤဖြစ်စဉ်သည် ဘာသာရေးဝတ်ပြုရာနေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများကို အကာအကွယ်ပေးထားသည့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေမူများနှင့် သက်ဆိုင်သည်။ Geneva Conventions ၏ Additional Protocol II ပုဒ်မ ၁၆ သည် ပြည်သူများ၏ ယဉ်ကျေးမှု သို့မဟုတ် ဝိညာဉ်ရေးရာ (ဘာသာရေး) အမွေအနှစ်ဖြစ်သော ဘာသာရေးဝတ်ပြုရာနေရာများအပေါ် တိုက်ခိုက်ခြင်းနှင့် ယင်းနေရာများကို စစ်ရေးအတွက် အသုံးပြုခြင်းကို တားမြစ်ထားသည်။
ထို့အပြင် ICRC ၏ Customary International Humanitarian Law Rule 38 သည် ဘာသာရေး၊ အနုပညာ၊ သိပ္ပံ၊ ပညာရေးနှင့် လူမှုကူညီရေးဆိုင်ရာ အဆောက်အအုံများနှင့် သမိုင်းဝင်အထိမ်းအမှတ်များအပါအဝင် ယဉ်ကျေးမှုဆိုင်ရာ ပိုင်ဆိုင်မှုများကို စစ်ရေးဆောင်ရွက်မှုများအတွင်း အကာအကွယ်ပေးရေးနှင့် သက်ဆိုင်သည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (International Criminal Court – ICC) ၏ အခြေခံဥပဒေဖြစ်သည့် Rome Statute အပိုဒ် ၈(၂)(e)(iv) အရ စစ်ရေးရည်မှန်းချက်မဟုတ်သော ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုအဖြစ်သတ်မှတ်နိုင်ကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် ၃ မိုင်ကျေးရွာရှိ KBC ဘုရားကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကဲ့သို့ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝတ်ပြုရာနေရာများနှင့် အရပ်သားပိုင်ဆိုင်မှုများကို ထိခိုက်ပျက်စီးစေသည့် လုပ်ရပ်များကို KHRW အနေဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါသည်။


Photos: local