၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်၍ ကချင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် စစ်တပ်က ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ခဲ့ရာ၊ ယနေ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် (၂) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ (၂) နှစ်တာကာလအတွင်း ကချင်ပြည်နယ်ရှိ အရပ်သားပြည်သူများသည် ဆက်သွယ်ပိုင်ခွင့်၊ သတင်းအချက်အလက် သိရှိရယူပိုင်ခွင့်အပါအဝင် အခြေခံလူ့အခွင့်အရေးများကို ဆုံးရှုံးခဲ့ရပါသည်။
အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရသည့် (၂) နှစ်တာကာလအတွင်း ကချင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်မြင့်တက်လာခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ တိုးလာခဲ့သလို၊ အတင်းအဓမ္မ နေရပ်စွန့်ခွာမှုများ၊ နေအိမ်နှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးမှုများ၊ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခြင်းနှင့် လုယက်သိမ်းယူခြင်းများလည်း ဆက်တိုက် ဖြစ်ပွားခဲ့ပါသည်။ သတင်းအမှောင်ချထားသည့် အခြေအနေသည် ယင်းလူ့အခွင့်အရေးချိုးဖောက်မှုများကို လွတ်လပ်စွာ စောင့်ကြည့်မှတ်တမ်းတင်နိုင်ရန် ပိုမိုခက်ခဲစေခဲ့ပါသည်။ ထို့အပြင် စစ်တပ်သည် ပြည်သူလူထု အများအသုံးပြုနေသည့် Starlink အင်တာနက်ဝန်ဆောင်မှုကိုပါ ပိတ်ပင်ရန် ကြိုးပမ်းနေပြီး၊ ၄င်းအခြေအနေသည် ပြည်သူများ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ရရှိပိုင်ခွင့်များကို ပိုမိုကန့်သတ်လာနိုင်မည့် စိုးရိမ်ဖွယ်ရာအခြေအနေတစ်ရပ် ဖြစ်နေပါသည်။
Kachin Human Rights Watch (KHRW) ၏ ပြောရေးဆိုခွင့်ရှိသူ Jacob က
“ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများကို ဖြတ်တောက်ခြင်းသည် ပြည်သူများ၏ ဆက်သွယ်ပိုင်ခွင့်၊ သတင်းအချက်အလက် သိရှိရယူပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့အပါအဝင် အခြေခံလူ့အခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်သည်။ ထိုသို့သော ကန့်သတ်မှုများကို ချက်ချင်းရပ်တန့်ပြီး ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ လေးစားလိုက်နာရန် လိုအပ်သည်” ဟု ပြောကြားခဲ့သည်။
KHRW အနေဖြင့် စစ်တပ်၏ အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေး ဖြတ်တောက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပါသည်။ ထို့အပြင် စစ်တပ်အနေဖြင့် ကချင်ပြည်နယ်ရှိ အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေး ဖြတ်တောက်မှုများကို ချက်ချင်းရပ်တန့်ပြီး ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တိုက်တွန်းအပ်ပါသည်။
